ချမ်းအေးသာစံမြို့နယ်တွင် သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဆင့်မြင့်သင်တန်းဖွင့်ပွဲ ကျင်းပ

မန္တလေး ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI တို့ ပူးပေါင်း၍ သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဆင့်မြင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ရတနာပုံစူပါစင်တာ(စတုတ္ထထပ်) MRCCI ရုံးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် MRCCI တို့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ စီးပွားရေးရာဝန်ကြီးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီးနောက် MRCCI အသင်း၏ဥက္ကဋ္ဌ ဦးဝင်းဌေးက အသင်း၏ လုပ်ငန်းလုပ်ဆောင်နေမှုများနှင့် သင်တန်းများဖွင့်လှစ်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ထုံးဘိုရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မျိုးမိခိုင်က သင်တန်းနှင့် သင်တန်းတွင်ပို့ချမည့် အကြောင်းအရာများကိုလည်းကောင်း၊ MRCCI အသင်း၏ ဥက္ကဋ္ဌ ဦးကျော်စိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသား/သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်