ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဖွင့်ပွဲကျင်းပ

 ရန်ကုန် ဇွန် ၁၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ  Cooperation Coordinator, Ms. Bonny က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့် အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်ရီရီတင်နှင့် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ပဲခူးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦထွန်ထွန်းဝင်း၊ အသင်း၏ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းတက်ရောက်ကြမည့်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌများနှင့် အမှုဆောင်များ စုစုပေါင်း (၅၂) ဦး တက်ရောက်လျက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှဇွန်လ (၂၀) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၃၃) ဦးတို့အတွက် ဇွန်လ (၁၈) ရက်နေ့မှ ဇွန်လ (၂၁) ရက်နေ့ အထိ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)