ဟိုမိန်း ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဟိုမိန်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာစိုင်းခေးရွက်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ဟောပြောရာတွင် ဒေါက်တာစိုင်းခေးရွက်က မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ကူးစက်တတ်သောရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေလှောင်ကန်များ၊ ရေတွင်း၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ပေးခြင်း၊ သန်ချဆေးသောက်သုံးပါက သန်ကောင်ရောဂါကြောင့်ဖြစ်ပွားနိုင်သော ဝမ်းပျက်ဝမ်းလျှောခြင်း၊ အာဟာရလျော့နည်းခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်ပုံမှန်မဖွံ့ဖြိုးခြင်း၊ ဉာဏ်ရည်အားနည်းခြင်းများအား ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ လူအများတွင် လေမှတစ်ဆင့်၊ အစာနှင့်ရေမှတစ်ဆင့်၊ ပိုးမွှားများ၊ တိရိစ္ဆာန်များမှတစ်ဆင့် ကူးစက်လေ့ရှိသော ရောဂါများကိုဖြစ်စေတတ်သည့် အကြောင်းရင်းများနှင့် ကာကွယ်ရေးနည်းလမ်းများကို ကျောင်းသား/သူများအနေဖြင့် နားလည်သိရှိစေရန်၊ အိမ်သာမှအဆင်းနှင့် အစာမစားမီ ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်းဖြင့် မိမိပတ်ဝန်းကျင်မှ ရောဂါပိုးများ မကူးစက်နိုင်စေရန်၊ ကူးစက်ရောဂါများ ကူးစက်ဖြစ်ပွားမှုမရှိစေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးအလေးထားဆောင်ရွက်စေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဒေါက်တာစိုင်းခေးရွက်နှင့် ကျန်းမာရေးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာမများနှင့် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးပြီး ကျောင်းသား/သူတစ်ဦးချင်းစီအတွက် ကျန်းမာရေးမှတ်တမ်းကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုမိန်း)