မြစ်ကြီးနား ဇွန် ၁၈
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများရှိ မူလတန်းကလေးများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများကို ယမန်နေ့နံနက် (၁၀) နာရီက သွားရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်လဖိုင်နန်ဆိုင်း၊ နာယကအဖွဲ့ဝင်များသည် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်များနှင့်အတူ ရှေးဦးစွာ ပမ္မတီးရပ်ကွက် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်၊ ဆရာ/ဆရာမများ၊ ပညာသင်ကြားလျက်ရှိသော ကျောင်းသားကလေးငယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်တွေ့ဆုံကာ ကျောင်းသား/ကျောင်းသူများ (၁၂၉) ဦးတို့အတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုအတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောက်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၂၁) ခြေလျင်တပ်ရင်း မူလတန်းလွန် ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၄၇) ဦးတို့အတွက်လည်းကောင်း၊ ထိုမှတစ်ဆင့် အောင်နန်းရိပ်သာရပ်ကွက် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၄၅) ဦးတို့အတွက်လည်းကောင်း ကျောင်းသုံးဗလာစာအုပ် (၂၁၁) ဒါဇင်နှင့် စာရေးကိရိယာများဖြစ်သည့် ခဲတံ (၁၆၁) ဒါဇင်၊ ဘောပင်ဒါဇင် (၅၀)၊ ခဲဖျက်နှင့် ပေတံ (၄၂၁) ခုတို့ကို အသီးသီးလိုက်လံပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)