ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဟိုမိန်း ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဟိုမိန်းမြို့တိုက်နယ်ဆရာဝန် ဒေါက်တာစိုင်းခေးရွက်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ဟောပြောရာတွင် ဒေါက်တာစိုင်းခေးရွက်က မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ကူးစက်တတ်သောရောဂါများအကြောင်း ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့်  ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေလှောင်ကန်များ၊ ရေတွင်း ၊ ရေကန်များထဲသို့ အဘိတ်ဆေးခပ်ပေးခြင်း ၊ လေ ၊ ရေ ၊ အစားအစာ ၊ ပိုးမွှား ၊ တိရိစ္ဆာန်များမှ ကူးစက်တတ်သော ရောဂါများအကြောင်း ၊ ခြင်ကိုက်မခံရအောင် ကျောင်းသား/သူများအား ကျန်းမာရေးနှင့်အညီ နေထိုင်ကြရန် ၊ သန်ချဆေး သောက်သုံးပါက သန်ကောင်ရောဂါကြောင့်ဖြစ်ပွားနိုင်သော ဝမ်းပျက်ဝမ်းလျှောခြင်း၊ အာဟာရလျော့နည်းခြင်း ၊ သွေးအားနည်းခြင်း ၊ ခန္ဓာကိုယ်ပုံမှန်မဖွံ့ဖြိုးခြင်း ၊ ဉာဏ်ရည်အားနည်း ခြင်းများအား ကာကွယ်နိုင်မှာဖြစ်ပြီး အစာမစားမီလက်ဆေးခြင်း ၊ အိမ်သာတက်ပြီးတိုင်းလက်ဆေးခြင်း ၊ အစားအစာများကို သေချာစွာဖုံးအုပ်ခြင်းစသည့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဒေါက်တာစိုင်းခေးရွက်နှင့်ကျန်းမာရေးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာမများနှင့်ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးပြီး ကျောင်းသား/သူတစ်ဦးချင်းစီအတွက် ကျန်းမာရေးမှတ်တမ်းကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)