ဇမ္ဗူသီရိ ဇွန် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၊ စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာအောင်ဆွေထက် (ချွေးမြို့တော်)၊ စာရေးဆရာမမေချို(ပျဥ်းမနား)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ ကိုလင်း(အညာမြေ)၊ စာရေးဆရာ မောင်အောင်ဝေ (ညောင်ခြေထောက်) ၊ စာရေးဆရာ ဟန်ညွန့် (ယဥ်ကျေးမှု)၊ စာရေးဆရာ နွေဦးကိုကို(နေပြည်တော်)၊ စာရေးဆရာမောင်လေပြေ (တောင်တွင်း)၊ စာရေးဆရာရွှေပြည်စိုး (မိုးကုတ်)၊ စာရေးဆရာ မောင်သန်းညွန့် (မြစ်ခြေ)၊ စာရေးဆရာမ လုံမငယ် (လူမှု)၊ စာရေးဆရာ မျိုးမြင့်မြတ်နှင့် စာပေဝါသနာရှင်များက စာရေးဆရာအောင်ကိုဦး (UMK) ရေးသားသည့် ကတိစကားလေးတစ်ခွန်း စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)