မြစ်ကြီးနား ဇွန် ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ “ခခူး” ရိုးရာအဝတ်အထည်ရက်ကန်းရုံသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာတို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ “ခခူး” ရက်ကန်းရုံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ်စက်ဝန်းမှ မတည်ချေးငွေကျပ်သိန်း (၁၀၀) ဖြင့် ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ငွေကျပ်သိန်း (၂၀၀) ထပ်မံမတည်ပေးမှုဖြင့် ရိုးရာအဝတ်အထည်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လက်ရက်ကန်းစင်များ တိုးချဲ့ဆောင်ရွက်ထားရှိမှု၊ စက်ရက်ကန်းများ တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့် ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ရရှိမှု အခြေအနေများနှင့် တိုးချဲ့ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကာ လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် မိုးရာသီဖြစ်သည့်အတွက် အမိုး/အကာဖြင့် လုံခြုံနွေးထွေးစွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်းရှိ ခိုလှုံရာလူငယ်ပြုစုရေးသင်တန်း ကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၈၁) ဦးတို့နှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားကာ စခန်းတွင်းရှိ ကျောင်းသား ကလေးငယ်များအတွက် ဗလာစာအုပ်ဒါဇင် (၅၀) နှင့် စာရေးကိရိယာများ၊ မုန့်များကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ စခန်းတာဝန်ခံက ယာယီနေအိမ်တန်းလျားများ တည်ဆောက်နိုင်ရေး၊ ရေအိမ်သာလိုအပ်ချက်၊ သောက်သုံးရေလိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေအိမ်များ တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း (၆၀) ကို ထောက်ပံ့ပေးအပ်ကာ မိသားစုများအား မုန့်များကို လိုက်လံဝေငှ ကြွေးမွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် စီတာပူရပ်ကွက် ဗလမင်းထင်ပရိယတ္တိစာသင်တိုက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၇၆) စု၊ လူဦးရေ (၂၅၂) ဦးတို့ ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်၊ အခက်အခဲများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိသားစုများ၏ ကျောင်းသား ကလေးများအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ကာ မုန့်များကို လိုက်လံဝေငှကြွေးမွေးခဲ့ကြသည်။
အလားတူ မြစ်ကြီးနာမြို့ စီတာပူရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံဖိလဒေလမိ(ပင်တေကုတ္တေ) အသင်းတော် ဘုရားကျောင်းသို့လည်း သွားရောက်ပြီး အသင်းဝင်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၆၂) ဦးတို့အား နေထိုင်စားသောက်ရာတွင် လိုအပ်ချက်၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကာ ကျောင်းသုံးဗလာစာအုပ်များနှင့် ယာယီနေအိမ်တန်းလျားတည် ဆောက်နိုင်ရေးအတွက် ငွေကျပ် (၃၈) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုများအား မုန့်များကို လိုက်လံဝေငှ ကြွေးမွေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်းနှင့် မြစ်ကြီးနားတက္ကသိုလ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲကြပြီး အနိုင်ရရှိသည့် လက်ရွေး စင် U-21 ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းနှင့် မြစ်ကြီးနားတက္ကသိုလ် အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅) သိန်း၊ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီပေးကြသည့် ဒိုင်အဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့အတွက် ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)