မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်    ဇွန်   ၁၈

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံးရာမညခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်ဟာ ပညာရေးမှာ အစဉ်အလာကောင်းတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ မြန်မာတစ်ပြည်လုံး တက္ကသိုလ်ဝင်တန်းအောင်မြင်မှု အောင်ချက်အများဆုံး ပထမ(၈)ကြိမ်၊ ဒုတိယ(၁)ကြိမ်၊ တတိယ(၂)ကြိမ်တို့ရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် အဆင့်သတ်မှတ်မှုဖော်ပြခဲ့ခြင်းမရှိခဲ့ပေမဲ့ ဘာသာစုံဂုဏ်ထူးရှင်(၄၆)ဦးနှင့် ဝိပ္ပံတွဲတွင် မြန်မာပြည်တစ်ပြည်လုံး Top Ten (၂)ဦး၊ ဝိဇ္ဇာတွဲတွင် (၁)ဦးရရှိခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းဟာ (၅၉.၀၈%)ရရှိခဲ့ပါကြောင်း၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လျက်ရှိကြတဲ့ ဝန်ထမ်းသား/သမီး(၁၇)ဦးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ရာ (၁)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ရိုးရိုးအောင်မြင်သူ(၁၀)ဦး၊ စုစုပေါင်း(၁၂)ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် (၇၀.၅၉%)ရရှိခဲ့သည့်အတွက် ဌာနကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိရာ စာရင်းဇယားများအရ ကျောင်းသား/ သူများ တန်းစဉ်ကူးပြောင်းမှု နည်းပါးနေကြောင်းတွေ့ရသည့်အတွက် ကုစားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးအဖြေရှာပြီး အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ တက်ရောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊  Grade-9 ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ရေးမြို့နယ်နှင့် သထုံမြို့နယ်တို့ရှိ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းစီနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျိုက်ထိုမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းစီ၌လည်းကောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရစေရန် ဖန်တီးဖော်ဆောင်ပေးလျက်ရှိရာမှာ အခမဲ့ပညာရေးအစီအစဉ်အရ ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့  အမှန်တကယ်ကျောင်းနေရန် အခက်အခဲရှိသည့် ချို့တဲ့သူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းများသည် အခက်အခဲရှိသည့် မိဘများ၏ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက် လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားနိုင်ရေးအတွက် အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ မိဘများအနေနဲ့ မိမိတို့သား/ သမီးများကိုမိမိတို့ထက် ပို၍တော်သော သား/သမီးများဖြစ်အောင် ပညာရည်ထူးချွန်ထက်မြက်ပြီးဘာသာတရားကို လေးစားတန်ဖိုးထားတတ်သူဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပြီးသား/သမီးများကလည်း မိဘရဲ့ကျေးဇူးကို တုံ့ပြန်သောအားဖြင့် ပညာရေးပိုမိုထူးချွန်ထက်မြက်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ သား/သမီးများနှင့် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်/ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းတို့၌ ပညာသင်ကြားနေသော သား/ သမီးများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ပညာသင်ထောက်ပံ့ငွေကျပ်(၄၅)သိန်းအား လည်းကောင်း၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ကျိုက်ထိုခရိုင်နှင့် ရေးခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တက္ကသိုလ်အဆင့်/ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းတို့၌ ပညာသင်ကြားနေသော သား/ သမီးများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ပညာသင်ထောက်ပံ့ငွေကျပ်(၁၄)သိန်းအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကပေးအပ်ခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁)ဘာသာဂုဏ်ထူးနှင့်  ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်အဆင့်/ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းတို့၌ ပညာသင်ကြားနေသော သားငယ်/ သမီးငယ်များအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာသင်ထောက်ပံ့ငွေ၊ ထီးနှင့် ဗလာစာအုပ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး (၁)ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)