ဇမ္ဗူသီရိ ဇွန် ၁၈
ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ(သဘာဝ)က ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အနေဖြင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှပေးပို့သည့် စာအုပ်များမှ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ရှစ်တိုက်အတွက် လူထုသိပ္ပံကျမ်း (အတွဲ-၁၊ အတွဲ-၂၊ အတွဲ-၃) စာအုပ် (၂၄) အုပ်ကို ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)