မက်မန်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မက်မန်း ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကျေးရွာစာကြည့်တိုက်သစ်များ ဆောက်လုပ်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် နိုင်ငံတော်မတည်ငွေဖြင့် ကျေးရွာစာကြည့်တိုက်သစ် ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းရာတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် ဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ဝန်ထမ်းများ၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များက ကွန်ဟောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်သစ် မြေနေရာရရှိရေး ကွင်းဆင်းကြည့်ခဲ့ရာ စာကြည့်တိုက်ဆောက် လုပ်မည့်မြေနေရာအား အများပြည်သူ အလွယ်တကူဝင်/ထွက် သွားလာနိုင်မည့် မြေနေရာဖြစ်စေရေး၊ အဆောက်အအုံရေရှည် တည်တံ့ခိုင်မြဲရေး၊ ကျေးရွာသူ/ကျေးရွာသားများအတွက် ပညာရှာမှီးရာတွင် အထောက်အပံ့ဖြစ်စေရေးတို့အတွက် အချက်အချာကျသည့် မြေနေရာ ရရှိနိုင်ရေးအတွက် ရှေးပြေးကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေးအတွက် ကွန်းဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျောလေနှင့် မြေနေရာရရှိမှုအခြေအနေအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

စောဥမ္မာ(ပြန်/ဆက်)