မင်္ဂလာဒုံခရိုင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး လှုံ့ဆော်ရေးဆိုင်းဘုတ် စိုက်ထူ

မင်္ဂလာဒုံ ဇွန် ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး လှုံ့ဆော်ရေးဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမကြီး အ-ထ-က (၁) အနီး၌ ယနေ့နံနက် (၉) နာရီက ကျင်းပသည်။

ဦးစွာ အသိပညာပေးဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွှန့်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သိုက်ထွန်း၊ အဖွဲ့ဝင် (၂) ဦးဇော်ဝင်းထွန်း၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကိုကို၊ ခရိုင်လဝကဦးစီးမှူး ဒေါ်အေးအေးသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ထို့နောက် သန်းခေါင်စာရင်း ကောက်ယူရေး အထိမ်းအမှတ် လက်ဆောင်များပေးအပ်ပြီး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို တာဝန်ရှိသူများက ပြည်သူများထံသို့ လိုက်လံပေးဝေခဲ့ကြကြောင်း သိရသည်။

သိန်းထွန်းအောင်(ပြန်/ဆက်)