မုဒုံ ဇွန် ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် လက်ရက်ကန်း (၆) လသင်တန်း ဒုတိယအကြိမ်ကိုဇူလိုင် (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
သဘာဝဆိုးဆေးကိုအခြေခံ၍ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေး၊ ဒေသအတွင်း အသေးစား၊ အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရက်ကန်းလုပ်ငန်းများ ကျွမ်းကျင်စွာတတ်မြောက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိစေပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း တိုးပွားလာစေရန်၊ ယင်းလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာအထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ရေးအတွက် လက်ရက်ကန်းသင်တန်းကို တစ်နှစ်လျှင်နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ပြောသည်။
အဆိုပါသင်တန်းကို ဇူလိုင် (၁) ရက်နေ့မှ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ လက်ရက်ကန်း ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ တက်ရောက်သူများအနေဖြင့် ကျောင်းတွင် နေထိုင်စားသောက်ရေး စီစဥ်ထားကြောင်း၊ သင်တန်းသူတစ်ဦးလျှင် လစဥ်ငွေကျပ် (၃၀၀၀၀) အား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး (၁၀) ဦး လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)