မိုးနဲ ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို မြို့ဝင်/ထွက်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြို့ဝင်/ထွက်ရှိ ခရီးသွားပြည်သူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ လမ်းဆုံလမ်းခွများ၊ လူစည်ကားရာရပ်ကွက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တို့တွင် ပိုစတာများကပ်ခြင်းစသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)