မိတ္ထီလာမြို့နယ် ခင်သာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခင်တဲအုပ်စု၊ ခင်သာကျေးရွာ၌ JICA မှ တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်း‌ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ခင်သာကျေးရွာ၌ အကျယ် (၄.၅) လက်မ PVC အနက်ပေ (၃၀၀) ရှိ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်း‌ဒေသကြီးဦးစီးမှူးက စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန်နှင့် ရေကော်မတီဝင်များမှ တင်ပြချင်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၊ ခင်တဲကျေးရွာအုပ်စု၊ ခင်သာကျေးရွာ၌ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် (၂၉) ဒသမ (၈၃) သန်းဖြင့် အကျယ် (၄.၅) လက်မ PVC အနက်ပေ (၃၀၀) စက်ရေတွင်းတူးဖော်ခြင်း၊ (၄ဝဝ) ဗို့ ဓါတ်အားလိုင်း ပေ (၁၃၅၀) သွယ်တန်းခြင်း၊ အိမ်သုံးမီတာတပ်ဆင်ခြင်း၊ ဂါလံ (၂၀၀၀) ဆံ့အုတ်ရေကန်၊ ရေစက်ရုံနှင့် ရေတင်ပိုက်လိုင်း (၂) လက်မ PVC (၂၄၀၀) ပေ သွယ်တန်းခြင်း လုပ်ငန်းများကို မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဇွန်လ ပထမအပတ်မှစ၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှုအနေဖြင့် (၁၆) ရာခိုင်နှုန်းရှိပြီး လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက အိမ်ခြေ (၁၀၅) အိမ်၊ လူဦးရေ (၄၉၅) ဦးအတွက် သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေးဖူလုံစွာ ရရှိတော့မည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)