ကျောက်တံတားမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရန်ကုန် ဇွန်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထိပ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကျောက်တံတားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွေးလှိုူင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်နိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်သိန်းနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းလှိုင်၊ ဌာနဆိုင်ရာများ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွေးလှိုူင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသူများအား သန်းခေါင်စာရင်း အထိမ်း အမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ခရီးသွားလာကြသော ပြည်သူများ၊ မော်တော်ယာဉ်များ၊ လူစည်ကားရာနေရာတို့၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)