မိုင်းခုတ် ဇွန် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များ အောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစုအပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
''ပဲတောင့်ရှည်အပင်တွေကိုတော့ အစေ့ပျိုးထုတ်တွေ ဝယ်ယူပြီး စိုက်ပျိုးပါတယ်၊ ပျိုးစေ့ထုတ်ကတော့ တစ်ထုတ်ကို ငါးရာကျပ်ပေးပြီး ဝယ်ရတယ်၊ စတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာမှာတော့ စတင်ခူးဆွတ် ရောင်းချပါတယ်၊ ပဲတောင့်ရှည်အပင်တွေက ရေကြိုက်တယ်၊ ရေလောင်းရတယ်၊ ရေကောင်းကောင်းမရရင် ပိုးထိုးတယ်၊ အရင်း အနေနဲ့ကတော့ ပျိုးစေ့ ဖိုးသုံးထောင်ကျပ်လောက်ရင်းလိုက်ရင် သုံးသောင်းကျပ်ဝန်းကျင် ခူးဆွတ်ရောင်းချရတယ်၊ (၁၂) နှစ်ရာသီ စိုက်ပျိုးပါတယ်၊ ဒီတစ်ခါစိုက်ပျိုးချိန်မှာ မိုးကျစောတော့ ပဲပင်တွေလည်း ပိုးမထိုးတော့ဘူး၊ အရမ်းလည်းသီးတော့ ငါးသောင်းကျပ် ဝန်းကျင်လောက်ရမယ်လို့ ခန့်မှန်းထားပါတယ်''ဟု တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူ အမှတ်(၂) ရပ်ကွက်မှ ဒေါ်အားမီက ပြောသည်။
မိုင်းခုတ်မြို့တွင် ပဲတောင့်ရှည်အပင်များကို (၁၂)ရာသီ စိုက်ပျိုးကြကြောင်း၊ စည်ပင်သာယာ ဈေးမရှိသဖြင့် ပလိုင်းထဲတွင် ပဲတောင့်ရှည်များကို စီးကာ တစ်စီးလျှင် တစ်ထောင်ကျပ်ဖြင့် တစ်အိမ်တက်ဆင်း လိုက်လံရောင်းချကြကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးရောင်းချခြင်း မရှိသော်လည်း မိမိတို့၏ မြေကွက်လပ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)