ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက်(၂၁)နှစ်အောက် လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား ဇွန် ၁၈

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်း၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့၊ U-21 အမျိုးသားဘောလုံးအသင်းအနေဖြင့် ပြည်နယ်အတွက် သမိုင်းသစ်ရေးထိုးနိုင်ရေး မျှော်လင့်ချက်များစွာဖြင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီနှင့် အခြားအဖွဲ့အစည်းများပူးပေါင်းပြီး ပံ့ပိုးမှုများ၊ လေ့ကျင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် တာဝန်ရှိသူများကလည်း အားကစားသမားများ၏ ပြည်နယ်လက်ရွေးစင်အဖြစ် ဂုဏ်ယူချင်စိတ်၊ ပြည်နယ်အတွက် ပေးဆပ်ချင်စိတ်များနှင့် အောင်နိုင်ရေးစိတ်များ မြင့်မားစေရေး၊ စိတ်ဓာတ်တက်ကြွစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း စိတ်ဓာတ်နှင့်စည်းကမ်းကို အကောင်းဆုံးပြင်ဆင်ဆောင်ရွက်၍ ပြည်နယ်၏ဂုဏ်ကို ဘောလုံးအားကစားဖြင့် သမိုင်းသစ်ရေးထိုးမြှင့်တင်ပေးနိုင်သည့် အသင်းတစ်သင်းအဖြစ် ကြိုးစားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ လက်ရွေးစင်အသင်းနည်းပြက လက်ရွေးစင်အသင်းအား ကြိုတင်စခန်းသွင်းလေ့ကျင့်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်(၁၅)သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဌာနဆိုင်ရာများနှင့်အလှူရှင်များက လက်ရွေးစင်အသင်းအတွက် အားကစားအသုံးအဆောင်ပစ္စည်းများ လှူဒါန်းမှုအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမိုးမင်းသိန်းက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ရာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကတိပြုစကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများအား အားပေးအမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မိဘမဲ့ဂေဟာများစသည့်နေရာများတွင် ယာယီတိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု(၆၉၉)စုတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ငွေကျပ်(၅၂၄၂၅၀၀၀)တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါ ဆန်အိတ်ပေါင်း(၆၉၉)အိတ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်(၁၁၅၃၃၅၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်(၆၉၉)ဖာတို့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်များမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၅၇၅၀၀၀၀)ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အိမ်ထောင်စုများကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မိသားစုများက ယာယီခိုလှုံနေထိုင်ရာစခန်းများအတွင်း လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ကအိမ်ထောင်စုများအတွက် ရေတွင်း/ရေကန်နှင့် ရေအိမ်သာလိုအပ်ချက်များ သက်ဆိုင်ရာဌာနများအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်