မြစ်သား ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် (၇) နာရီခွဲ အချိန်က ကျီတော်ကုန်း(မူလွန်) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦအေးခိုင်က သဘာဝပတ်ဝန်း ကျင်ကိုထိန်းသိမ်းရန် သစ်တောသစ်ပင်ပြုံးတီးမှုမရှိစေရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျွန်းပင် (၂၀) ပင်၊ ယင်းမာပင် (၂၀၀) ပင်၊ တမာပင် (၁၀၀) ပင်၊ သင်္ဘောကုက္ကိုပင် (၆၀) ပင်၊ ဖြောက်ဆိပ်ပင် (၁၀၀) ပင်နှင့် ယူကလစ်ပင် (၆၀) ပင် စုစုပေါင်း အပင် (၅၄၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြတ်သီဟမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲမှူးဌေးဝင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)