တာမွေမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုး

တာမွေ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် ဂေဟစနစ် ဖြစ်စဉ်များကို အထိုက်အလျောက် အထောက်အကူပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် (က) ရပ်ကွက် သမိန်ဗရမ်းလမ်းတစ်လျှောက် ၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ် ခဲ့ပြီး အရိပ်ရသစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။

ထိုကဲ့သို့ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေ ပြည်သူများက အရိပ်ရအပင်များဖြစ်သည့် မဟော်ဂနီပင်(၂၅)ပင်နှင့် တည်ပင် (၂၅)ပင် စု‌စုပေါင်း အရိပ်ရသစ်ပင် (၅၀)ကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရေးအတွက် နောက်ထပ်အရိပ်ရသစ်ပင်များ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)