မော်လမြိုင် ဇွန် ၁၈
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် ၂ဝ၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော သင်တန်းသား/သူများအား Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းခန်းမ (ရာမညဆောင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်က သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၊ (၁၆) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန်နှင့် ကျောင်းသား/ ကျောင်းသူများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း ကျောင်းမှာ တက်ရောက်ခွင့်ရသည့်အတွက် နေထိုင်ရေး၊ စားသောက်ရေးနှင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်အတွက် နိုင်ငံတော်၏ စေတနာကို နားလည်ပြီး ပညာဆည်းပူးရာမှာ အလေးထားသင်ယူမှတ်သားကြရန်နှင့် ကျောင်းစည်းကမ်းကိုလိုက်နာပြီး စိတ်ဓါတ် ကောင်းမွန်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်း ပြီးဆုံးအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများကိုလည်း Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး သင်တန်းတွင် ထူးချွန်၍ သမဝါယမ ကောလိပ်သို့ ပေါင်းကူးတက်ရောက်မည့် သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူများအတွက်လည်းများစွာ ဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာကျွမ်းကျင်သည့် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော သင်တန်းသား/သူများအား Certificate in Business Accounting အောင်လက်မှတ်ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်က ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းအား ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသား/သူ (၃၈) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)