ဟိုပုံး ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၌ အမျိုးသမီး ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းနှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးတို့မှ အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကိုလည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲမှုပေးခြင်းနှင့် လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု၊ ယာယီလုံခြုံရေးနေရာ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးနှင့် ဥပဒေအထောက်အကူပေးရေးအဖွဲ့တို့မှ ဥပဒေရေးရာဆိုင်ရာဝန်ဆောင်မှုများကို လည်းကောင်း၊ အမျိုးသမီးများနှင့် ကလေးလူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ရင်ခွင်မဲ့ကလေးငယ် များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှ ဆောင်ရွက်ပေးနေမှုများနှင့် ငွေကြေး ထောက်ပံ့မှုပေးနေမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ က သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသမီး ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)