ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကျင်းပ

ပုဇွန်တောင် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၆)ရပ်ကွက်ရှိ ပုဇွန်တောင်ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" လှုံ့ဆော်ရေးအသိပညာပေး Bill Board အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍  အောင်သပြေဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ‌ကောက်ယူဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” Bill Board   စိုက်ထူပြီးနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မြို့နယ်မိခင်ကလေးအဖွဲ့ဝင်များက ပုဇွန်တောင်ဈေးအတွင်းရှိ ဈေးသည်၊ ဈေးဝယ်သူများ၊ လမ်းသွားလာနေသူ ခရီးသွားပြည်သူများအား သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ တီရှပ်အင်္ကျီများ၊ ဦးထုပ်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်