ရန်ကုန် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၉၁) ရပ်ကွက်၊ ပဲခူးမြစ်လမ်းမဘေး၌ စိုက်ထူခဲ့ကြောင်း သိရသည်။
မြို့နယ်လူဦးရေနှင့်အိမ်အကြောင်း သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Bill bord စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မြတ်သူရွှေ၊ အဖွဲ့ဝင် (၂) ဦးကျော်မိုးကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကံပို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လဝကမှူး ဦးမြင့်နိုင်တို့က “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို ရရှိရန်ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ စာရင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်လဝက ဝန်ထမ်းများမှ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာကျော်(ပြန်/ဆက်)