ကျောက်ပန်းတောင်း ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ဥယျာဉ်အား အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ကောင်းစွာအသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် လွတ်လပ်စွာသဘောထားရယူခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုပ္ပားတောင်ဥယျာဉ်အား အာဆီယံအမွေအနှစ်ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ကောင်းစွာအသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် လွတ်လပ်စွာသဘောထားရယူခြင်းအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်များကို ပုပ္ပားတောင်သဘာဝဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်က ပဏာမရှင်းလင်းပြောကြားပြီး သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းက အာဆီယံအမွေအနှစ်ဥယျာဉ်များနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာများ၊ ပုပ္ပားတောင်သဘာဝဥယျာဉ်အား အာဆီယံအမွေအနှစ်ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်အချက်အလက်များ၊ ပြည့်စုံလုံလောက်သည့် အားသာချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများထံမှ သဘောထားမှတ်ချက်များနှင့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အာဆီယံအမွေအနှစ်ဥယျာဉ်(၈)ခုသတ်မှတ်နိုင်ခဲ့ပြီး ပုပ္ပားတောင်ဥယျာဉ်အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၁၅၂/၂၀၂၃)ဖြင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး (၂၀-၃-၂၀၂၄)ရက်နေ့တွင် အများပြည်သူလေ့လာနိုင်စေရန် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပြီး အကျယ်တဝင့်အားဖြင့် အမာခံဧရိယာ(၃၁၇၆၃.၂၀)ဧက၊ ကြိုးပြင်ကာကွယ်တော(၁၁၅၇၅.၁၉)ဧကနှင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်(၅၂၃၁၇.၈၅)ဧကရှိကြောင်း သိရသည်။ ယခုအခါ ဆက်လက်၍ အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို မြိုပေါ်ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်း၊ ပုပ္ပားတောင်သဘာဝဥယျာဉ် အုပ်ချုပ်ရေးမှူးဦးတင်အုန်းကျော်နှင့် ဝန်ထမ်းများ၊ စုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)