သံဖြူဇရပ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ် ဇွန် ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသော “သင့်ဘဝအောင်မြင်ရေးလှေကားထစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သင်းသင်းမော်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် “သင့်ဘဝအောင်မြင်ရေးလှေကားထစ်များ” စာအုပ်ပါ အကြောင်းအရာမှ အခက်အခဲများကိုဖြတ်ကျော်ခြင်း၊ အရှုံးများကိုကျော်ဖြတ်ခြင်း၊ ပန်းတိုင်ကိုသတ်မှတ်ခြင်း၊ အားနည်းချက်ကိုပြုပြင်ခြင်း၊ စနစ်တကျလုပ်ကိုင်ခြင်း၊ အောင်မြင်အောင်လုပ်ခြင်း စသည့်အကြောင်းအရာများကို စာပေဝါသနာရှင် ကျောင်းသူ(၃)ဦးတို့ကဦးဆောင်၍ ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသည့် စာပေဝါသနာရှင် ကျောင်းသူများမှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်၊ စာ​ပေဝါသနာရှင်များမှ စာဖတ်သည့်အလေ့အကျင့်များ အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် လူအများအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)