မြင်းခြံ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့ နေ့လယ် (၁) နာရီအချိန်က မြင်းခြံမြို့ ၊ ဖောင်းကားကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရှိရသည် ။
အဆိုပါ "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က ပြည်သူ့စကားဝိုင်း (Public Talk) များ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စကားဝိုင်း (Public Talk) ကို စတင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက " ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဒုဦးစီးမှူး ဒေါက်တာသဉ္ဇာမြင့်အောင်က "အာဖရိကဝက်အပြင်းဖျားကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စံပြကျေးရွာကျန်းမာရေးမှူး ဦးကျော်ဇင်ဦးက "ကိုရိုနာဗိုင်းရပ်စ်(COVID-19) အဆုတ်ရောင်ရောဂါ ကာကွယ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဒေါ်ဝင်းမာက "စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမြလင်းဝေက "လျှပ်စစ်ကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင် ဆွေးနွေး သွားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မေးမြန်းမှုများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူ များက ရှင်းလင်းဖြေကြားခဲ့ကြသည်။ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ကျေးရွာများတွင် ပြုလုပ် ရခြင်းမှာ ကျေးလက်နေပြည်သူ များ တွေ့ဆုံဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဒေသအခက်အခဲများ ဆွေးနွေးအဖြေရှာစေရန်၊ အသိပညာများ တိုးပွားစေရန်ဖြစ်ကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)