လူထုအခြေပြုဗဟိုဌာနတွင် ပြပွဲ /ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စဉ့်ကိုင်   ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြပွဲ /ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ကျောင်းသား၊ ကျောင်းသူလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို တတတ်တအား ပါဝင်ဆောင်ရွက်လျက်ရှိပြီး  အချိန်ကို အကျိုးရှိစွာ  အသုံးချတတ်စေရန်ရည်ရွယ်၍  ယခုလိုအထိမ်းအမှတ်နေ့များတွင် ပြပွဲ/ပြိုင်ပွဲများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် နောင်တွင်လည်း မကြာခဏ ယခုလို ပြပွဲပြိုင်ပွဲများအား ကျင်းပသွားမည်ဖြစ်‌ကြောင်းဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနာယက ဦးသန်းအောင်က  ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ယခုလို အထိမ်းအမှတ်နေ့များတွင် ပြပွဲ/ပြိုင်ပွဲများ ကျင်းပရခြင်းဖြင့် ‌နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များအား သိရှိလာမည်ဖြစ်ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်လာမည်ဖြစ်ကြောင်း၊  မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်ပြိုင်ပွဲဝင်မည့် က‌လေးများမှာလည်း စာပေများနှင့် ရင်းနှီးကျွမ်းဝင်လာပြီး  စာအုပ်စာစောင်များမှ အသိပညာဗဟုသုတများရရှိစေသည့်အပြင်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေပြီး များစွာအကျိုးပြုသော လုပ်ငန်းဖြစ်သည့်အတွက်  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ် (Book Club )အသင်းအဖွဲ့ဥက္ကဋ္ဌ ဦးသန်း၀င်း (ပညာရေး)က ပြိုင်ပွဲများ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ပြိုင်ပွဲအမျိုးအစားများကို သေချာစွာသတ်မှတ်စေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် အတွင်းရေးမှူး ဦးတိုက်ကြည် (တရားလွတ်တော်ရှေ့နေ)‌နှင့်  အဖွဲ့ဝင်များက  ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြိုင်ပွဲဝင်ရာတွင် အဆင်ပြေချော့မွေ့အောင် ယှဉ်ပြိုင်နိုင်ရေးအတွက်  ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဇွန်လ (၁၉)ရက်နေ့တွင် အလယ်အတန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ ဇွန်လ(၂၀)ရက်နေ့တွင် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုလည်းကောင်း ကျင်းပမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြိုင်ပွဲအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့် နှစ်သိမ့်ဆုများကို ဇွန်လ (၂၁)ရက်နေ့တွင် ချီးမြှင့်ပေးသွားမည်ကြောင်းနှင့် ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)