လသာ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကို ယမန်နေ့လယ်(၁)နာရီက အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် “အမိမြေသစ္စာ”သတင်းစုံဂျာနယ်အယ်ဒီတာချုပ် ဆရာဦးသူရဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က စာဖတ်ဝိုင်းများပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမတင့်တယ်ခင်က မုဒိတာစကားပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာမလွမ်းနိုနို(ဘော်မြေ)က ၄င်းရေးသားသည့် “မောတောင်တန်းမှကြယ်ပွင့်များ”ရသဝတ္ထုအား ဖတ်ကြားခဲ့သည်။ ယင်းနောက်တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများ စာပေချစ်မြတ်နိုးသူများက ရသဝတ္ထုတိုပါဇာတ်ကောင်များ၏ စကားလုံးအသုံးအနှုန်းအသက်ဝင်မှု၊ အကြောင်းအရာများဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာပေချစ်မြတ်နိုးသူများ Book Club စာဖတ်ဝိုင်းအား လစဥ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်(လသာပြန်/ဆက်)