တာမွေ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် အားလပ်ချိန်တွင် ဗဟုသုတများစွာ ရရှိနိုင်သော သုတ/ရသစာအုပ်စာစောင်များအား ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာကြည့်တိုက်ကို ပညာဗဟုသုတရှာမှီးရာ ပညာ့ဘဏ်တိုက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရန်နှင့် စာအုပ်စာပေဖတ်ရှုသည့် စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၂၆) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းတာဝန်ခံဆရာမ ဒေါ်စန်းစန်းဌေးက ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား/သူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြ သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ထူးချွန်ဆုရရှိကြသူများကိုယ်စား ဆုရရှိသူ ကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်း အနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)