မုဒုံ ဇွန် ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက်ပိုင်းက ကော့လှ၊ ကော့ခပုံ၊ ကော့ခိုက် ကျေးရွာသုံးရွာ၌ ထုတ်ချေးပေးသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်၊ မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒာဝင်းက ရှင်းလင်းပြောကြားသည်။
ထို့နောက်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေ စာရင်းများကို စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များက ကျေးရွာသုံးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူ အသင်းဝင် (၁၇၆) ဦးအား ချေးငွေကျပ် စုစုပေါင်း (၁၅၃ ဒသမ ၈) သန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)