သုံးခွ ဇွန် ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိကောက်ယူမည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူထုအသိပညာပေးလုပ်ငန်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၇)ရပ်ကွက်ဘီအိုစီကွေ့ သုံးခွ-ရန်ကုန်ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးလင်းမောင်သက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သုံးခွမြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက Bill Board ကို အမွှေးနံ့သာရေများဖြင့် ဖျန်းပက်ခဲ့ကြပါသည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများအား သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်