လှိုင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် လှိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လှိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လှိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် အသက်(၅)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုးအစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သောကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညိုထွန်း (ပြန်/ဆက်)