ညောင်ရွှေ ဇွန် ၁၇
ဌာနဆိုင်ရာအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများ မိမိတို့၏ဌာန၊ အဖွဲ့အစည်းများ၏ ဆောင်ရွက်နေမှုလုပ်ငန်းများကို ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ သတင်းရေးသားထုတ်ပြန်နိုင်စေရန်၊ သတင်းသဘောတရားကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အခြေခံသတင်းရေးသားခြင်းကို တတ်မြောက်နိုင်စေရန်ရည်ရွယ်၍ အခြေခံသတင်းရေးသား နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယအုပ်ချုပ်ရေးမှူး ဦးလှမင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သင်တန်းဖွင့်လှစ်ရခြင်းစပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် သင်တန်းကိုစတင်ပို့ချရာ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က သတင်းမိတ်ဆက်နှင့် အခြေခံသတင်းရေးသားနည်းကို ဆွေးနွေးပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းတွင် စာနယ်ဇင်းကျင့်ဝတ်၊ သတင်းမီဒီယာကျင့်ဝတ်၊ သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရယူရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သတင်းသမားတို့ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ညောင်ရွှေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ