ပျော်ဘွယ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ် ဇွန် ၁၇

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်သာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိအောင် စာပေမှသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်းမှသော် လည်းကောင်း လေ့လာနိုင်မည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း၊ အလားတူ မွန်းလွဲပိုင်းတွင် အခြေခံပညာမူလတန်းလွန်ကျောင်း(ရွှေပြည်ရန်အောင်)၌လည်း အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)