တံတားဦးမြို့နယ်တွင် ကမ္ဘာ့သဲကန္တာရတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တံတားဦး ဇွန် ၁၇

၂၀၂၄ ခုနှစ်‌ ဇွန်လ (၁၇)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သဲကန္တရတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ သူငယ်တော်တောရ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ လူမှုရေးအသင်းအဖွဲ့များ၊ ဆရ/မများ၊ ကျောင်းသား/သူများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက  ‌သင်္သောကုက္ကို (၃၂၀) ပင်နှင့်ယူကလစ် (၂၈၀) ပင် စုစုပေါင်း (၆၀၀) ပင်တို့အား တပျော်တစ်ပါး စိုက်ပျိုးကြသည်။

မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တော သစ်ပင်ဖုံးလွှမ်းလာခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု လျော့နည်းလာစေခြင်း၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာမှု လျော့နည်လာစေရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေး အားကောင်းလာစေရန် စသည်ရည်ရွယ်ချက်များဖြင့်  သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည် ။

စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေလောင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့် မြေဩဇာကြွေးခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများကို စနစ်တကျပြုစုထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒါ့အပြင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည် နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေးစသည်တို့ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစံဇာနည်ဗိုလ်၏ ပြောကြားချက်ရသိရသည်။

ဦးရဲတင့်( ပြန်/ဆက်)