ပြည်ကြီးတံခွန် ဇွန် ၁၇
အများပြည်သူစာပေဗဟုသုတရရှိစေရန်၊ ဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာအုပ်စာစောင်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ကြီးတံခွန်မြို့နယ် စီမံကိန်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်များ ဌားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသစာအုပ်မျိုးစုံ (၁၅၀၀) ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများစာပေအလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာနှင့် ရပ်ကွက်များအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)