ကျိုင်းတုံ ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးစပါးတင်း(၁၀၀)အထက်ထွက်ရှိရေးနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးနည်းပညာဆွေးနွေးပွဲကို ကတ်တောင်အုပ်စု၊ ဟွေပွန်ကျေးရွာ၌ ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးလှဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မင်း၊ ဦးစီးအရာရှိဦးစိုးမင်းဦးကျော်တို့က မိုးစပါးအထွက်နှုန်းတိုးပွားရေးအတွက် ဆောင်ရွက်ရမည့်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်ရွေးချယ်သုံးစွဲနည်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ သီးနှံများတွင်ကျရောက်တက်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက်ဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်လာသော တောင်သူများသို့ ကန်စွန်း၊ နံနံ၊ တိုင်ထောင်ပဲမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာနေတောင်သူ(၄၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)