မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေး

မိတ္ထီလာ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောင်းရွာကျေးရွာအုပ်စု ကျောင်းရွာ၊ ကလိမ်ခြေ၊ လေးထောင်ကန်ကျေးရွာရှိ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင် စေရန် ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းရွာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေကျပ် ၄၈၀ သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ကျောင်းရွာ၊ ကလိမ်ခြေ၊ လေးထောင့်ကန်ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၃ ဦး ငွေကျပ် ၃၈၆ သိန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၇  ဦး ငွေကျပ် ၉၄ သိန်း၊ စုစုပေါင်း ၁၀၀ ဦးအားငွေကျပ် ၄၈၀ သိန်းအား အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)