ပျဉ်းမနား ဇွန် ၁၇
ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ(သဘာဝ)က ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှပေးပို့သည့် စာအုပ်များမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၁၀ တိုက်အတွက် လူထုသိပ္ပံကျမ်း(အတွဲ-၁၊ အတွဲ-၂၊ အတွဲ-၃) စာအုပ်(၃၀)အုပ်ကို ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌက ပေးအပ်လှူဒါန်းရာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လက်ခံရယူခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)