မိုင်းယန်း ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့"ခေါင်းစဉ်ဖြင့် Bill Board စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဈေးတန်းရပ်ကွက်၊ မြို့လယ်ပန်းခြံတွင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ကျော်နှင့် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုင်းလှိုင်ခမ်းတို့က ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ယူစို့" အသိပညာပေး Bill Board အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများမှ ပြည်သူများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မြို့မဈေး၊ လူစည်ကားရာနေရာများနှင့် မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဝင်များ၊ ရပ်/ ကျေးသန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူမျာနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး