ညောင်ရွှေ ဇွန် ၁၇
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေရန်၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်မှုရှိစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက ညောင်ရွှေမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ ရွှေဓားဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်က သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့်တာဝန်ရှိသူများထံသို့ သစ်ပင်ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ မဟော်ဂနီ၊ မယ်ဇလီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ချင်းဒညင်း၊ ပနားမားငု၊ အာဖကန်ကျူးလစ်၊ မာတာကွက်အစရှိသည့် ပျိုးပင်စုစုပေါင်း(၅၅၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည့်တော်များက ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ