သာစည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများနှင့် တက္ကသိုလ်တက်ရောက်နေသည့်ဝန်ထမ်းများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှတာဝန်ရှိသူများက တက္ကသိုလ်အဆင့်ကျောင်းသား/သူ ၈ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၃၅,၀၀၀ နှုန်း၊ အထက်တန်းအဆင့် ၁၀ ဦးအားတစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်း၊ အလယ်တန်းအဆင့် ၁၂ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂၅,၀၀၀ နှုန်း၊ မူလတန်းအဆင့် ၃၅ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၆ ဘာသာဖြင့် အောင်မြင်သည့် ကျောင်းသူတစ်ဦးအား ငွေကျပ် ၂၀၀,၀၀၀နှင့် ရိုးရိုးအောင်မြင်သူ ၂ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်း တက္ကသိုလ်တက်ရောက်နေသည့်ဝန်ထမ်း ၄ ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၃၀,၀၀၀ နှုန်းတို့ဖြင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည်။ ထို့ပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ပညာသင်ထောက်ပံ့ကြေးများ ထပ်မံချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်သားသမီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသူများအား ကြက်သားပလာတာ၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်