ခိုလမ်မြို့တွင် တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဟိုနောင်ကျေးရွာအုပ်စု၊ နောင်ခမ်း(၁၉)မိုင်ကျေးရွာရှိ လားဟူနှစ်ခြင်းဘုရားကျောင်းတွင် ကျင်းပခဲ့​ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခိုလမ်မြို့တောအုပ် ဦးထွန်းဦးမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများမပြုလုပ်စေရေး၊ ရေချွေတာသုံးစွဲရေးနှင့် ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှုမပြုရေး၊ ရာသီဥတုအပူရှိန်မြင့်တက်လာမှုကို လျော့နည်းစေရန် ပြည်သူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးကြရန်နှင့် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးနေကြောင်း စသည့် အသိပညာပေးအကြောင်းအရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများမှ သိရှိလိုသည့်အကြောင်းအရာများကို  မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)