ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ဒဂုံမြောက် ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်(၄၇၂)ရှိ K- Power Bank (Solar, LI-Ion Battery, 24 Hours Back System) ဆိုင်တွင် ယမန်နေ့နံနက် ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ RC တစ်ထပ်အဆောက်အအုံရှိ K- Power Bank အရောင်းဆိုင်တွင် LI-Ion 24 V Battery နှစ်လုံး အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်တစ်စီးတို့ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၂ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် အ‌ဆောက်အဦး၏ အမိုး၊ မျက်နှာကျက်၊ တံခါးကျည်းပေါင်၊ LI-Ion 24 V Battery ရှစ်လုံး၊ 200 W အင်ဗာတာ (၁၂)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုကြောင့် K- Power Bank ဆိုင်ဝန်ထမ်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)