မော်လမြိုင် ဇွန် ၁၆
၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ဇွန် ၁၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်၊ အောင်ရတနာကျောင်းတိုက် တိုက်အုပ်နယ်လှည့် ဓမ္မကထိက ဘဒ္ဒန္တ အဂ္ဂဝံသ (အောင်မေတ္တာဆရာတော်) ၏ သက်တော် (၅ဝ) နှစ်ပြည့် ရွှေရတု အထိမ်းအမှတ် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက အောင်ရတနာကျောင်းတိုက် တိုက်အုပ်နယ်လှည့်ဓမ္မကထိက (အောင်မေတ္တာဆရာတော်) ဘဒ္ဒန္တအဂ္ဂဝံသထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ထံ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)