ဇမ္ဗူသီရိမြို့နယ် ကမ်းလက်များစာကြည့်တိုက်၌ စာကြည့်တိုက်နှစ်ပတ်လည်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ ဇွန် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ကမ်းလက်များ စာကြည့်တိုက်၌ စာကြည့်တိုက် နှစ်ပတ်လည်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်စာကြည့်တိုက်ဥက္ကဋ္ဌ စာရေးဆရာ မောင်သုတက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စာအုပ်စာပေကောင်းများကို ရွေးချယ်၍ လေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ်များ ရင့်သန်လာပြီး အကောင်းအဆိုးများကို ခွဲခြားသိမြင်၍ လမ်းမှားမရောက်နိုင်ပါကြောင်းနှင့် လူတော်လူကောင်းလေးများဖြစ်လာကြမည်ဖြစ်ကြောင်း၊ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာပြီး မိမိကိုယ်ကို ယုံကြည်မှုရှိလာမှာဖြစ်ကြောင်းနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုဟောပြောခဲ့ပြီး စာကြည့်တိုက်ဘဏ္ဍာရေးမှူး ဦးလှမြင့်က စာကြည့်တိုက်အတွေ့အကြုံနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခဲ့သည်။ 

ယင်းနောက်တစ်နှစ်တာအတွင်း စာအုပ်ငှားရမ်းမှုအများဆုံး ဆုရရှိသူများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့​ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)