သုံးခွ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀.၉၀) သန်းဖြင့် သမစိတ္တကျေးရွာတွင်း ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မော်မော်မျိုးက အဆိုပါလမ်း ရေရှည်တည်တန့်ခိုင်မြဲစေရေးအတွက် ကျေးရွာနေပြည်သူများက လမ်းရေရှည်တည်တံ့အောင် ဝိုင်း၀န်းထိန်းသိမ်းကြရန်မှာကြားခဲ့သည်။ ကျေးရွာတွင်း ဂဝံလမ်းခင်းခြင်းဆောင်ရွက်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀.၉၀) သန်းဖြင့် အလျား ၉၃၀ ပေ ၊ အနံ ၈ ပေ ၊ ဒု ၆ လက်မဖြင့် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။
ဂဝံလမ်းခင်းခြင်းကြောင့် သမစိတ္တကျေးရွာရှိအိမ်ခြေ (၂၃၀)မှ လူဦးရေ(၁,၁၈၉)ဦးတို့ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်ပြီး ဘာသာ/သာသနာရေးလုပ်ငန်းများဆောင် ရွက်ရာတွင်လည်း စိတ်ကြည်နူးပျော်ရွှင်ချမ်းမြေ့မည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)