တောင်ဥက္ကလာပ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီ အချိန်က အမှတ်(၁၀)ရပ်ကွက်၊ မေတ္တာလမ်းရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဝင်းအတွင်း၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ပျိုးပင်များကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသူများမှ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရုံးဝင်း သတ်မှတ်နေရာအသီးသီးတို့၌ ငုဝါပင်ပျိုးပင်ပေါင်း ၅၅ ပင်အား စနစ်တကျ စုပေါင်းစိုက်ပျိုး ပေးခဲ့ကြသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် ရုံးဌာန အသီးသီးတို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင် /ပျိုးပင်များစိုက်ပျိုးနိုင်ရန် မြို့နယ်စည်ပင်သာယာဦးစီးဌာနတွင် ငုဝါ၊ တည်၊ မယ်ဇလီ၊ ခရေ၊ စိန်ပန်း၊ မဟော်ဂနီ၊ ပန်းမယ်ဇလီ ပျိုးပင်များအား ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ် စည်ပင်သာယာဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)