ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပျဉ်းမနား ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်နှင့် ပျဉ်းမနားမြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်တို့က ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း ၄၄ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၄၅ ဦးတို့အား အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးနောက် e-ID  စနစ်အတွက်   ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)