မှော်ဘီ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြည်သူ့ဆေးရုံ (၂)ထပ် ကုသဆောင်သစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည့်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့မှ ပြည်သူ့ဆေးရုံ(၂)ထပ် ကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွေးနံ့သာရည် ပက်ဖျန်းခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက (၂)ထပ် ကုသဆောင်သစ်တွင် တပ်ဆင်အသုံးပြုရန် Air Conditioner အလုံး (၂၀) လှူဒါန်းပြီး မှော်ဘီမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ (၂)ထပ်ကုသဆောင်အား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)